အတွေးထဲမှ ဟာသ ကဗျာများ
တစ်နေကုန်ယုန်ရှာ
ခြေရာမှ မတွေ့ ။
ကြုံ မိကြုံရာ ခူးပြုတ်ချက်
ဆူးပုတ်ရွက် တစ်ပွေ့  ။ ။
          ကျွန်တော့အဖြစ်က အဲဒိ ကဗျာ လိုဖြစ်နေပြီနဲ့  တူတယ် လို့  တွေး နေမိတယ်။ ကဗျာရှင်ကိုတော့ မမှတ်မိတော့ဘူးဗျ။ခေါင်းစဉ်ကိုလဲ မေ့ နေပြီ။ ကိုယ့် ဘာသာ ခေါင်းစဉ်ပေးရမယ်ဆိုရင်တော့ "မုဆိုးရဲ့  ဟင်းလျာ" လို့  ပေးလိုက်ချင်တယ်။
          ကျွန်တော် ဖတ်ဖူးတဲ့ ၊ကြိုက်နှစ်သက်ခဲ့ ဘူးတဲ့  ကဗျာ အကြောင်း တွေနဲ့ ပါတ်သက်ပြီး တွေးမိတာတွေ ထင်မိထင်ရာတွေ ပြောပြော ပြနေခဲ့ တာ၊ အဲဒိအထဲမှာ မူလ ကဗျာ ရှင်တွေရဲ့  နာမည်တွေကို မှတ်မိသလောက် ထည့်ထည့် ပြီး ပြော ထားတာတွေ ရှိခဲ့ ပါတယ်။ တစ်ချို့ ကဗျာတွေကတော့ ကလေးကအစ အရိပ်မြင်ရုံနဲ့ တင် သိနေတဲ့  ကဗျာတွေလဲပါပါတယ်။ အဲဒိကဗျာမျိုးတွေကိုတော့ ဆိုင်းဘုတ်တပ် စရာမလိုအောင် ထင်ရှားလူသိများ ပြီးသားမို့ လို့  မိကျောင်းမင်းရေခင်းပြ မနေပဲ ဒီအတိုင်း ထည့်ထည့်ရေးမိတာပါ။  ကျွန်တော်က ကိုယ့် အတွေးနဲ့ ကိုယ် သက်ဆိုင်ရာကဗျာလေးတွေကိုဖတ်ပြီး ခံစားမိတာကိုပဲရေးပြချင်တာဖြစ်တဲ့ အတွက် ကဗျာရှင်တွေကို အရိုအသေတန်တာမဟုတ်ပါဘူးခင်ဗျား။ တစ်ချို့ ကဗျာ အပိုင်းအစ လေးတွေကိုသာ ပိုင်ရှင်ထည့်ပေးလိုက်ပါတယ်။ အဲဒါကလည်း ဘယ်သူ့ ဟာ ဘယ်သူ့ ကဗျာ ဆိုတာ ခွဲခြားရခက်မယ် လို့ (ကျွန်တော်)ထင်တဲ့ ကဗျာမျိုးမှပါ။
           ဒီပို့ စ် မှာ ပြောဖို့ တွေးမိနေတာ တော့ မြန် မာ့ ကဗျာ ပန်းခင်းထဲက ဟာသ ရသ ပေးစွမ်းနိုင်တဲ့  ကဗျာ ပန်းတစ်ချို့  အကြောင်းပဲ ဖြစ်ပါတယ်။ ဟာသ ရသ ပါတဲ့  ကဗျာ တွေဟာ ကောင်းကင်မှာ ရှိတဲ့  ကြယ် တွေလိုပါပဲ။ ရေတွက်လို့ မရသလို အလင်းရောင် ပေးစွမ်းပုံ၊ ထိန်လင်းတောက်ပ ပုံ တွေမှာ ကွဲပြားခြားနားကြပါတယ်။
         တစ်ချို့  က မဲ့ ပြုံးပြုံးရုံ၊ တစ်ချို့ က အားရပါးရပြုံးဖို့ ၊ တစ်ချို့ က အသံထွက်အောင်ကို ရယ်မိမတတ်၊ တစ်ချို့ ကတော့ ဟက်ဟက်ပက်ပက် ရယ်ရလောက်ပြီး၊ တစ်ချို့ ကတော့ တစိမ့် စိမ့် တွေးပြီး တသိမ့် သိမ့် ရယ်ချင်စရာတွေပေါ့ ဗျာ။
          ရယ်မောခြင်း ပုံစံတွေ ကွဲပြားရတဲ့ အကြောင်းကို တွေးကြည့်တော့  ကဗျာရဲ့ အကြောင်း အရာ၊ ဖွဲ့ စည်းပုံ၊ အရေးအသား၊ စကားလုံးအသုံးအနှုန်း စတာတွေ အပြင် ဖတ်ရှုသူရဲ့  စိတ်ထဲ၊ရင်ထဲ မှာ ရှိနေတဲ့  ဟာသ ဓါတ်ခံနဲ့ လဲ ဆိုင်မယ် လို့ တွေးမိပါတယ်။
         ဟာသ ကဗျာတွေနဲ့ ပါတ်သက်ပြီး တွေးမိတာတွေထဲက ဗန်းမော်ဆရာတော်ရဲ့  လက်တန်း ဆန်တဲ့  ကဗျာ တစ်ချို့ ကို စပြောချင်ပါတယ်။
          လူပုံအလည်မှာ မအောင့်နိုင်မအည်းနိုင် လေလည်မိတဲ့  အပျို ကြီး ကြောင့်  အခံ ပိုဒ် စပ်လိုက်မိတာကို
ဒေါသ ဖြစ်မိတဲ့  သူ့ မောင်ကြောင့် အအုပ်ပိုဒ်ကိုပါ ကျွန်တော်တို့  အမြတ်ထွက် လိုက်တယ်ဗျ၊
ကဗျာက-
ရွှေညောင်ပင် သာသည့်ကုန်း
စုရုံး၍ နေကြရာ။
မမင်းမှိန် အပျိုကြီး
အီးညှစ်လို့ ပါ။
မလိမ္မာ
ဗာလာန မိုက်ခဲ။
သူ့ အစ်မ စအိုတွန်လို့ 
မောင်ငစွန် မျက်မာန်ရှတယ်
ဒေါသနဲ့ ဆဲ ။ ။
အဲဒိလူတွေကြားထဲ ကိုယ်ပါရောက်သွားသလို တခွိခွိ ရယ်ချင်နေတယ်။ နောက်ပြီး ဆက်ပြီး တွေးမိနေတာက စကားလုံး အသုံးအနှုန်းပါ။ လေလည်တာကို အသုံးအနှုန်း အသစ်နဲ့  "စအိုတွန်" တယ်လို့  သုံးထားပြလိုက်တော့
တစိမ့် စိမ့် တွေးလေ ရယ်ချင်လေဖြစ်ရတာပေါ့ ။
          နောက်တစ်ပုဒ်က အနေမတတ် အထိုင်မတတ် အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်ကို
ဒူးနှစ်ဘက် အပေါ်ထောင်
တော်ပေါင်ကွဲ့ တနဲ။
ဘဝင်စိတ်တုန်
နင်အိပ်ပုံအလွန်ဆိုးတယ်
ချိုးကင်လိုပဲ။ ။
နားရှက်စရာ အသုံးအနှုန်းတွေမပါပဲ အသိဝင်အောင် ပေါ်လွင်အောင် ဖွဲ့ ဆိုထားပုံက တွေးတွေးပြီး
ရယ်ချင်လာသလို၊ ဥပမာပေးကလဲ မျက်စေ့ ထဲ မြင်ယောင်လာစေပါတယ်။ ဆရာတော်ရဲ့  ဟာသ မြောက်တဲ့ 
ကဗျာ တွေကတော့ အများကြီးပေါ့ ဗျာ နောက် ကြုံမှ ထပ်ပြော ပါဦးမယ်။
သူခိုးကြီး
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည်။
တဲ့ ။ တိုတိုနဲ့ ထိမိတဲ့ ကဗျာလေးပါ။
          ကျွန်တော်က ဒီအရွယ်ရောက်တဲ့ အထိ တော်တော်များများ ဘဝအခြေအနေ မျိုးစုံ ကြုံခဲ့ ဘူးတာတွေ ထဲမှာ ကျောင်းသား ဘဝကို အနှစ်သက်ဆုံးပါပဲ။အပျော်ရွှင်ဆုံး၊ အလွတ်လပ်ဆုံး၊ အပူသောကတွေ ရှိလာရင်လဲ ဝိုင်းဝန်းဖြေရှင်းကြ၊ ဖြေသိမ့် ကြနဲ့  ဆိုတော့ ပူခဲ့ တဲ့ အပူဒုက္ခ တွေက ပဲ ရင်းနှီးမှု၊ ချစ်ခင်မှု ကျွမ်းဝင်မှု တွေကို ပိုပြီး တိုးလို့ လာစေတယ် လို့ ထင်ပါတယ်။
          ကျောင်းသားဘဝ ရဲ့ အပျော်တွေကို ရေးဖွဲ့ ထားတဲ့  ကဗျာ တွေ ၊ ကဗျာ ရှင်တွေ အများကြီးပါ။
သူတို့ အထဲမှာ ပေါ့ ပေါ့ ပါးပါးနဲ့  သွက်လက်တဲ့  ဟန်တွေကြောင့် မြန်မာ့ အသံ ကျော်ဦး ရဲ့ 
ကဗျာတွေအကြောင်း တွေးမိတာကို ပြောပြချင်ပါတယ်။
ကျောင်းဖွင့်ပါလည်း
သက်လျာချစ်သူ
မရောက်မူ၍
စိတ်ပူမိကာ
သတင်းစာကို
ဖတ်ကာကြည့်မှ
သူလင်ရတာ သိတော့တယ်။
(နားဦးမယ်ဗျာ အခြေအနေပေးရင် ကျန်နေသေးတာတွေကို ထပ်ပြီး ပြောပြချင်ပါသေးတယ်)
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩