ကဗျာတံခါး၊စာတံခါး
စိတ်ကူးတည့်ရာ လျှောက်တွေးနေရင်းနဲ့  ဒီကဗျာဆောင်းပါးကို ရေးဖို့ အတွေးရလိုက်ပါတယ်။
မြန်မာ့ စာပေနန်းတော်ကြီးထဲကကဗျာတံခါးစာတံခါးကို ဖွင့်ကြည့်မယ်ဆိုရင် သမုဒ္ဒရာ ရေထု ထက်မက ခန့်ထည်များပြား တဲ့ ကဗျာရတနာတွေကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ အဲဒါကိုမှ အပ်ဖျား တစ်ထောက်စာလေး ကျွန်တော်မြင်လိုက် သမျှလေးတွေကို ကျွန်တော်တွေးတတ်သလောက်လေးတွေနဲ့ တွေးပြီး ကျွန်တော် ရေးတတ်သလောက်လေးတွေ ကို ဝေငှ ကြည့်တဲ့ သဘောပါ။
ကျွန်တော် တင်ပြပေးမယ့် အကြောင်းအရာတွေဟာ သေးငယ်နုံနဲ့ လှတဲ့  ကျွန်တော့အတွေးများ သာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေးအရေးများဖြစ်တဲ့ အတွက် ဦးရွှေခြည် ရဲ့  "အဘိရူကပျို့ " ထဲက ကဗျာ တစ်ပိုဒ်ကို ငှား ပြီး ပြောရရင်-
ဆုတ် တက် ဆ ပွား၊ စဉ်တလျားဖြင့်
စကားရွေ့ ကျန်၊ မှားမေ့ ကျန်၍
မမှန်ယိမ်းချော်၊ တိမ်းပါးသော်လည်း
သူတော်တကာ၊ သည်းခံပါဟု
သံသာပျောင်းပျ၊ တောင်းပန်ခ၏ ။ ။
ကဗျာဆိုတာ နဲ့ ပါတ်သက်ပြီး တွေးမိတာတွေကိုဆရာကြီး ဒဂုဏ်တာရာ ဖွဲ့ ထားတာကနေ စချင်ပါတယ်-
ကဗျာဆိုတာ
စိတ်မှာလှုပ်ရှား၊ ဝိုးတဝါးနှင့်
မှုန်မွှားမျှင်မျှင်၊ သေးသေးသင်၍
ရင်မှာလှိုင်းထ၊ ခုန်ကြွကြွဖြင့်
စိတ်ရွပြေးလွှား၊ နိမ့် မြင့်များသည်
လှုပ်ရှားခြင်းကိုဖေါ်နိုင်၏ ။ ။
ပါတဲ့ ဗျားးးးးးးးး။
အဆိုအမိန့် တစ်ခုမှာ တွေ့ ရတာကတော့ 
"ကဗျာဆိုတာ အသံပါသောပန်းချီကား
ပန်းချီဆိုတာ အရောင်ပါသော ကဗျာ"
"ကဗျာရေးချင်စာစပ်သင်" ထဲမှာ ဆရာကြီး မင်းသုဝဏ် ကတော့
ကဗျာဆိုသည်မှာ၊ စကားလုံးတို့ ကို
သင့်လျော်အောင်၊ ဆက်စပ်ဖန်ဆင်း
ဖွဲ့ ဆိုသီကုံးထားသည့်
စကားလုံးအရုပ်ကလေးတွေ ဖြစ်ပါသည် ။
ဆရာကြီးဇော်ဂျီ ရဲ့  စာပေါင်းချုပ်လာ ဆရာကြီးရဲ့ ကဗျာသင်ပြနည်း(အချုပ်)ဟောပြောချက်ထဲပါတဲ့  တိုကျိုတက္ကသိုလ် ပါမောက္ခ တစ်ဦးရဲ့  အယူအဆ ကတော့
"ကဗျာဟူသည် လူသတ္တဝါတို့ ၏ စိတ်ဓါတ်သဘောကို ဖွင့်ဖေါ်ထားသောစာမျိုး၊ လောကအကြောင်းကို ဖွင့်ဖေါ်ထားသော စာမျိုး"
ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ် ရေးဖွဲ့ ဖို့ ဆိုတာ ဝေါဟာရကြွယ်ဝမှု၊ အသုံးအနှုန်းကျစ်လျစ်မှု၊ သတ်ပုံခွဲထားများ ပိုင်နိုင်မှု တို့ အရေးပါပုံကိုတော့
သောင်းရှစ်ထောင်ဝေါဟာရ
ပြောပါကြမြန်ဘောင် ။ ။
စာရေးလျှင်ယောင်
အတွေးခေါင်ခေါင်နှင့် 
ကြောင်တောင်တောင်ဖြစ်ကြတတ်ငြား ။ ။
ပင့်, ရစ်, ဖုံဖုံနှင့်
သတ်ဆစ်စုံ, ဖွင့်, ဖေါ်, ထွင်း
လင်းကြစေသား ။ ။
မြန်မာတို့ ရဲ့  ကဗျာ တံခါးကြီးကိုဖွင့်ကြည့်မယ်ဆိုရင် အရောင်စုံ၊ အရသာစုံ၊ မြင်ကွင်းစုံ၊ အသံ စုံ တွေကို တွေ့ ရမှာပါ။ တစ်ချို့ သောကဗျာတွေက မြန်မာတို့ ရဲ့  ဓလေ့ စရိုက်၊ လူနေမှုဟန်ပန်၊ ယဉ်ကျေးမှု၊ စိတ်ဓ်ါတ်ပုံစံစတဲ့  သဏ္ဍာန် တွေကို တွေ့ ရမှာပါ။
ကွယ်လေရဲ့ မင်ကြောင်
ဘယ်မှောင်မှာ ဘယ်ပေါင်စထိုး ။
အေး နာဂလိမ် ပုသိမ်ခင်းလို့ 
ဖျင်ဖြူနီ ပွဲစုံကျင်းတယ်
မှောင်တွင်း ညာရင်းကထိုး ။
ရှေးတုံးက မြန်မာ့ ယဉ်ကျေးမှုမှာ ယောင်္ကျားလေးတွေအတွက် မရှိမဖြစ် ထိုးကွင်းမင်ကြောင် ရှုခင်းတစ်ကွက်ပါ ။
သမီးရည်းစားချစ်သူများအတွက်ကတော့ ကဗျာဆိုတာက သူတို့ ရဲ့ ရင်တွင်းခံစားချက် တွေကို အော်ဟစ်ဖွင့်ထုတ်ပြနေတဲ့  ဟစ်တိုင်ကအသံမျိုးတွေပါပဲ ။
စံပယ်ကသင်း
နှင်းဆီကမွှေး ။
ငရင်မောင် အခူးခက်
ဘယ်ပန်ခက်ရွေး ။
တစ်ချို့ တစ်ချို့ သောလူပျို ကာလသားလေးတွေရဲ့ ဇဝေဇဝါ အချစ်ကို မြင်ရတော့ အားမရလိုက်တာဗျာ။
လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့ 
မောင်ခူးကာပေး ။
မနက်တုံးဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့ ဆံပင်နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး ။
ဒေါသစိတ်မရှိ၊ မနာလိုမဖြစ်မိပဲ ချစ်သူအတွက် အကောင်းကိုတွက်ပြီး ပင့်သက်ချ လိုက်တဲ့ အသံကို ကြားယောင်မြင်ယောင်မိလောက်ပါတယ် လို့ တွေးမိနေပါတယ်။
ချစ်သူတို့  သတိထားစရာ၊ အသိပွားစရာ၊ ဆင်ခြင်စရာ ကဗျာလေးကတော့
မင်းကအပြာ
ကိုယ်ကဝါလျှင်
မေတ္တာပန်းလေးစိမ်းတတ်တယ်။
ပါတဲ့ ဗျာ။ ပန်းချီဆန်တဲ့ ကဗျာလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်၊ စိတ်ဆိုးဖြစ်နေရင် ဒီကဗျာလေးကို သတိရသင့်ကြပါတယ်နော်။
မိန်းကလေးတို့ ရဲ့  က္ကုနြေ္ဒ ဟာ အထိမခံ၊ နေလောင်မခံ၊ လေတိုက်မခံ နိုင်ဘဲ နူးညံ့ သင်းပျံ့ ပြီး တန်ဖိုးထားသင့်ပုံကိုတော့
မလေးစိုက်ပါတဲ့ ၊ နှစ်ချိုက်စရာ
ပန်းရွှေ့ယင်းမာ ။
ဖူးငုံငယ်ဖြာ
ညှာတံကသေး ။
မပွင့်ခင် အလျင်ချိုးရင်
ညှိုးတတ်တယ်လေး ။
ဆိုပြီး သတိပေးထားတော့ ဒီနေ့ ခေတ် မိန်းကလေး တွေအတွက် ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဆန်းစစ် ဆင်ခြင် မိချင်စရာပါ။
တွေးမိတာတွေကတော့ တောင်စဉ်ရေမရ ပါပဲ ဆက်ပြီး တွေးနေမိတာတွေလဲ ရှိပါတယ်။ ဒါပေမယ့်  သိပ်ရှည်သွားတော့လဲ ငြီးငွေ့ ချင်စရာ ဖြစ်သွားမှာမို့  ဒီလောက်နဲ့ ပဲ ရပ်လိုက်ပါ့ မယ် ။ အခြေအနေပေးရင် ဆက်လက် ပြောပြ ချင်ပါသေးတယ်။ အားလုံးကို ကျေးဇူးပါ။
0 comments:
Post a Comment