ကိန္နရီ ကိန္နရာ ဆိုတာ
သူဇာနတ်အတူ
လူကိုယ်လူလက်
လူမျက်ခွက်သည်
လူငှက်မြိုင်နန်းသူတည်း ။
                                                       မန်လည်ဆရာတော်ဘုရားကြီး
                                                       စန္ဒ ကိန္နရီ ရတု၊ ပိုဒ်ရေ ( ၆ )
          ကိန္နရီ ကိန္နရာ ဆိုတာကို လူတိုင်းလိုလို အနဲနဲ့ အများ သိကြပါတယ်။ တကယ်တမ်း ဂဃနဏ သူတို့  အကြောင်းကိုသိသူကတော့  နည်းပါးကြမှာပါ။
          ကိန္နရီ ကိန္နရာ ဆိုတဲ့ အမည်တွေဟာ ပါဠိ(မဂဓ) ဘာသာစကားဖြစ်ပါတယ်။ ပါဠိ လိုဆိုရင်တော့
ကိံ =  အဘယ်နည်း
နရာ =  လူလော၊ နတ်လော
လူလားနတ်လား ယုံမှားလောက်ဖွယ်ရာ လူတို့ ၏ အသွင်ကို ဆောင်လျှက်ရှိသူ လို့ ပဲ ဆီလျော်အောင် ပြောရမှာပါ။ ကိန္နရီ  က အမ ဖြစ်ပြီး ကိန္နရာက တော့ အထီးပေါ့ ။
၁။     ငှက်ကိုယ် လူခေါင်း
၂။     လူကိုယ် မြင်းခေါင်း
၃။     မြင်းကိုယ် လူခေါင်း
ဆိုပြီး အကြမ်းဖျင်း သုံးမျိုး ခွဲခြားထားပါတယ်။ လူလိုလို၊ နတ်လိုလို၊ တိရစ္ဆာန်လိုလို နဲ့  သတ္တဝါ အထူးအဆန်း တစ်မျိုး ပေါ့ ဗျာ။
          ငါးရာ့ ငါးဆယ်ဇာတ်၊ အသီတိနိပါတ် မဟာကုဏာလဇာတ်တော် မှာ ကိန္နရီ ကိန္နရာ အမျိုးအစား အတော်များများ ဖေါ်ပြထားပါတယ်၊ ထင်ရှားတဲ့  အမျိုး အစား တို့ ကို ဖေါ်ပြရမယ်ဆိုရင်
၁။          ဒေဝ ကိန္နရာ
            စတုမဟာရာဇ် နတ်မျိုး၌ ပါဝင်သည်
၂။          စန္ဒ ကိန္နရာ
            စန္ဒတောင်၌ နေသည်
၃။          ဒုမ ကိန္နရာ
            သစ်ပင်များ၌နေ၍အသီးအပွင့်များကိုစားသည်
၎။          ဒဏ္ဍမာဏဝိကာ ကိန္နရာ
            လက်နက်စွဲကိုင်တတ်ပြီး လူ၏မျက်နှာနှင့်တူသည်
၅။          ကောန္တိသကုဏ ကိန္နရာ
            ကရဝိက်၊ ကြိုးကြာ တို့ ကဲ့ သို့  အသံသာယာစွာ တွန်ကျူးတတ်သည်
၆။          ကဏ္ဏပါဝုရဏ ကိန္နရာ
            နားရွက်တစ်ဖက်ခင်း၍ တစ်ဖက်ကိုခြုံကာ နေနိုင်လောက်အောင် နားရွက်ကြီးသည်
၇။          အဿမုခိ ကိန္နရာ
             မြင်းမျက်နှာ ပုံသဏ္ဍာန်ရှိသည်
၈။          နာရီပုပ္ဖ ကိန္နရာ
တို့ ပဲဖြစ်ပါတယ်။
          ကိန္နရီ ကိန္နရာ တွေ တကယ်ရှိမရှိကို မြန့် မာ့ သမိုင်းမှာ၊ မြန် မာ့ စာပေ အထောက် အထား တွေမှာ ၊ ဘုရားဟောဇာတ်နိပါတ်တွေမှာ ၊ ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ လက်လှမ်း မှီသလောက် လိုရင်းတိုရှင်း တင်ပြရရင်တော့
          သက္ကရာဇ် ၁၀၁၀ ပြည့်နှစ်မှာ အင်းဝမှာ နန်းတက်တဲ့  ငါးထပ်ကြီးဒါယကာ မင်းတရားကြီး တောင်းပန်သည့်  အတွက် တောင်ဖီလာ ဆရာတော် ရေးသားခဲ့ တဲ့  ရာဇ မဏိ စူဠာ ကျောက်စာမှာ ကိန္နရီ ကိန္နရာ တို့  အကြောင်း ပါရှိကြောင်းကို ဦးချိန် ရဲ့ ဝေါဟာရ လီနတ္ထဒီပနီ၊ စာမျက်နှာ (၂၆၃) မှာ ဖေါ်ပြထားပါတယ်။
          ကျောက်စာပါ လိုရင်းအချက်ကို ပြောရရင်တော့
“အသောက မင်းကြီးက ကိန္နရီ ကိန္နရာ တို့  ကခုန်ခြင်း၊ သီဆိုခြင်း တို့ ကို ရှုစားနားဆင်ချင်တဲ့ အတွက် ဟိမဝန္တာ တောကို လက်စွပ်တော် စေလွှတ်ပြီး မင်းအာဏာဖြင့် ခေါ်ယူရှုစားတော်မူခဲ့ ” ကြောင်း ပေါ့ ။
၁။     ဘလ္လာတိယ ဇာတ်
၂။     စန္ဒ ကိန္နရီ ဇာတ်
၃။     တက္ကာရိက ဇာတ်
၎။     မဟာကုဏာလ ဇာတ်
၅။     အဋ္ဌသဒ္ဒ ဇာတ်
၆။     ဒေဝီကိုပမာနှိုင်းရာ ကိန္နရာ
၇။     အသိတာဘူကိုပစ်၍လိုက်သောဇာတ်
၈။     မဟာဝင်တွင် ကောဏ္ဍတိဿ အကြောင်း
၉။     အပါဒါန် ကျမ်းမှာ ကျူ ပွင့်လှူသော  ကိန္နရာ     
၁၀။     ကုဏာလဇာတ်မှာ တရားနာဖို့ လာသည့်  ကိန္နရာ
၁၁။     သုဝဏ္ဏသာမ ဇာတ်မှာတော့ လူတွေကို ကြောက်တတ်သော ကိန္နရာ
ဆိုပြီး ကိန္နရီ ကိန္နရာ တို့ အကြောင်းကို မှတ်တမ်း ပြုထားပါတယ်။
          ဒီစာမျက်နှာမှာတော့ဒီလောက်ပါဘဲ။ နောက်ပို့စ်တွေမှာ ဆက်လက်တင်ပြပါ့မယ်။
          ညွှန်း-(၁)          မြန်မာ့ စွယ်စုံကျမ်း
                 (၂)          ကိန္နရာ  ကိန္နရီ ၊ ၁၉၉၃ ၊ စိတြ
ကညွှတ်နွယ်(ထီလာ)
12062011
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩