အို-မိခင်
မြန်ပြည်မြောက်ပိုင်း
ပြာရီမှိုင်းလို့ ၊ တံတိုင်းအထပ်ထပ်
တောင်ပြာသာဒ်မှ၊ ရစ်ပတ်စီးခွေ
သွေးစုတေကာ၊ သည်းနှစ်မွှာတို့ 
ဆုံကာပေါင်းဖက်၊ ခရီးဆက်ဖို့ 
စီးထွက်အလျင်
အို-မိခင်။
ပျူအတန်တန်
ပုဂံအဆက်ဆက်၊ ပင်းယတွက်စစ်
အင်းဝရစ်သိုင်း၊ စစ်ကိုင်းတောင်ငူ
ညောင်ရမ်းတစ်သက်၊ ကုန်းဘောင်ဆက်တိုင်
စီးသက်သွင်သွင်
အို-မိခင်။
ထီးကျိုးနန်းပျက်
ကျွန်မျိုးဆက်၍၊ မျက်ရည်စိုလူး
လည်မျိုညှစ်သည့်၊ စနစ်ဆိုးကြောင့်
ချိုးဖျက်မာန်ချ၊ ကြုံတွေ့ ရလည်း
လောင်မီးပူဆွေး၊ နဒီတေးဖြင့်
သွေးစိမ်းရှင်ရှင်
အို-မိခင်။
တဖန်ပြည်ကြီး၊ လွတ်မြောက်ပြီး၍
စည်းလုံးညီညာ၊ ဂုဏ်သိက္ခာနှင့်
ရိက္ခာဖြည့်ဆည်း၊ စေ့ စုံပြီးသော်
ခရီးတူနှင်
အို-မိခင်။
စနစ်ဖုံဖုံ၊ ခေတ်စုံပြောင်း၍
အဟောင်းအသစ်၊ တစ်ဖန်ဖြစ်လည်း
မေတ္တာမပျက်၊ သစ္စာဖက်ကာ
စီးလျှက်အစဉ်
အို-မိခင်။
သစ်ဖောင်လုပ်သား
တံငါများနှင့်၊ ဖောက်ကားရောင်းဝယ်
ဆက်သွယ်ပေါင်းကူး၊ လူးလာစုံဆန်
ဂေဟစံထား၊ လယ်ယာများဖြင့်
သားငှက်ပျော်မြူး၊ စိမ်းလန်းဖူးလျှက်
ကျေးဇူးမျှဝေ၊ ကာလရှည်သည်
မြန်ပြည်ပြုပြင်
အို-မိခင်။
မိခင်အရိပ်
သားတို့ အိပ်ခဲ့ ။
မိခင်ရင်ငွေ့ 
မိခင်အလှ
သားတို့ ရခဲ့ ။
မိခင်ကျွေးမှ
သားတို့ ဝခဲ့ ။
မိခင်ကျေးဇူး
သားတို့ ထူးခဲ့ ။
မိခင်ဂုဏ်အင်
သားတို့ မြင်ခဲ့ ။
မြန်မာ့မိခင်
အစဉ်ပျိုနု၊ ကောင်းကျိုးပြုဖို့ 
တောင်းဆုပန်နှင်း၊ ညီနောင်ရင်းတို့ 
တင်းတင်းဆုပ်ကိုင်၊ ခိုင်ခိုင်လက်တွဲ
မြဲမြဲစည်းလုံး၊ ညီညီရုန်းလို့ 
ကြုံးဝါးကတိ၊ ကမ္ဘာသိအံ့ 
ရပ်မတန့် ကြောင်း၊ နိုင်ငံ့ ဂုဏ်အင်
ကျေးဇူးရှင်အား၊ သစ္စာပါးသည်
ကြားသိစေချင်
အို-မိခင်။
မိခင်အတွက်
ကလောင်လက်ဆွဲ၊ စာတိုက်ပွဲဖြင့်
နွဲကာကျေးဇူး၊ ဆပ်ဖူးချင်သည်
မြူပင်တမျှ၊ သေးငယ်လှလည်း
ကိုယ်မှ တစ်စက်၊ စုပေါင်းယှက်လျှင်
ပြည့်လျှက်မည်သာ၊ စိတ်ရည်ကာ၍
ရင်မှာမချိ၊ ပူဇော်ဘိသည်
သင်သိစေချင်
အို-မိခင်။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩