ကညာစင်ရဲ့ ရုပ်ပုံလွှာ-၂
တကယ်တော့ ကမ္ဘာမှာ ဖြစ်ခဲ့ တဲ့ စစ်ပွဲ အားလုံးရဲ့ အရင်းခံဟာ၊ အတ္တကြောင့် နဲ့ မိန်းမလှလေး တွေကြောင့်ပါပဲ ၊ အရေပြားတစ်ထောက်စာလောက်ပဲ လှပမှုကြောင့်သာမို့ လို့ ပဲဗျ။ နှစ်ထောက်လောက် သာဆို လွန်ခဲ့ တဲ့  နှစ် သုံးထောင်လောက်ကတင်ပဲ ကမ္ဘာကြီး ပျက်စီးခဲ့ လောက်ပြီလို့ ထင်မိတယ်။
တစ်ခါက ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိလိုက်တယ်။ စာအုပ်နာမည်တော့မေ့ သွားပြီဗျ ။ အဲဒိအထဲမှာ သိပ်ကိုလှတဲ့  မိန်းကလေး တစ်ယောက်ရဲ့  အင်မတန် နူးညံ့ ပါတယ်ဆိုတဲ့  ပါးမို့ မို့ ကို အဆ ရာထောင် ချဲ့  လို့ ရတဲ့ မှန်ဘီလူး (မိုကရိုမှန်ဘီလူး) နဲ့  ချဲ့ ကြည့်မယ်ဆိုရင်တဲ့  လကမ္ဘာမျက်နှာပြင် ကတောင် မျက်ရည် တောက်တောက် ကျလောက်အောင် ချိုင့် ခွက်တွေနဲ့  ကြမ်းထော် နေတယ်တဲ့ ။ ပြီးတော့ သူ့ ရဲ့ အသဲယားစဖွယ် မွေးညှင်းနုလေးတွေကိုလဲ အဲလိုချဲ့ ကြည့် မယ်ဆိုရင်တဲ့  မီးသင့်ထားတဲ့  ဝါးတော ကြီး လိုပဲတဲ့ ။ ကျန်သေးတယ်ဗျ ကျွန်တော်လဲ ဆက်ဖတ်မိရင် ရည်းစားထားချင်စိတ်ကုန်သွားမှာ စိုးလို့  ဆက် မဖတ်တော့ဘူးဗျ ။ စဉ်းစားကြည့်လေဗျာ ကိုယ်က သာမာန် ရိုးရိုးမျက်စေ့ နဲ့ ပဲ ကြည့်မှာပဲဟာ ။ အဲလို ချဲ့  ကြည့်လို့  မြင်ရမှာတွေကို ကြိုသိနေရင် ။ ဝေါ့  ။ သည်းခံပါခင်ဗျာ ကျွန်တော် အစာမကြေ ဖြစ်နေလို့ ပါ။
ကျွန်တော်က မိုဘာ ကြိုးဝိုင်းထဲမှာ စာဆိုကြီးနှစ်ဦးရဲ့ ကဗျာ စွမ်းရည်တွေ ကို ရုံသွင်းပြဖို့  ပြောနေတာကို လိုရင်းမရောက်ပဲ ဝါသနာပါတာတွေ ကြော်ငြာဝင်မိနေလို့  ဆဲရင်လဲ ခံရတော့မှာပါပဲဗျာ။
အရင်စာမျက်နှာက ဥမ္မဒန္တီ ရဲ့ အလှအကြောင်းကို ထပ်ပြီး ဋီကာ ချဲ့ ရမယ်ဆိုရင် သူ့ အလှက-
နတ်မှီသဏ္ဌာန် ၊ လှပဟန်မူ
နှိုင်းရန်မပြူ ၊ မိုးအောက်သူတွင်
ဇဗ္ဗူမင်းစံ ၊ ရွှေပွတ်ခံသို့ 
ဆိုတော့၊ တစ်မိုးအောက်မှာ အလှဆုံးပေါ့ ၊ အဲတော့ သူ့ ကိုမြင်ရတဲ့ သူတွေအဖို့ 
ထိုင်ယောင်ထယောင် ၊ ကတောင်ကချောက်
စိတ်နောက်ကိုယ်ပါ ၊ ကိုးရာမရ
ရူးအောင်လှ
တော့ ဆိုပြီး ကြွေနေကြပြီပေါ့ ။ကယောင်ကတမ်းနဲ့  ပြုံးရမလိုလို မဲ့ ရမလိုလို ဟိုဟာ ပြေးဟပ်ရတော့ မလိုလို ဖြစ်ကြပြီပေါ့  ၊ပြီးတော့
သော်တာပြည့်ဝန်း ၊ တိမ်ပုံစွန်းက
ရွှန်းရွှန်းယုန်စက် ၊ ပေါ်လာထွက်သို့ 
ပြိုးပြက်ရောင်ထင် ၊ တန်းဆာဆင်
ပြီး လှချင်ရက် စက်စက်ယို ဖြစ်နေတော့ မြင်ရတဲ့ ငမိုက်သားတို့ ခမျာမှာ
နဂိုတိုင်းပင် ၊ မပြုပြင်လည်း
မြင်သူမိန်းမှိုင် ၊ ထိန်းမနိုင်သည်
ယိမ်းယိုင်ဗျာပေါင့် ဗျာပါ တည်း
လို့ ဖြစ်ရတာ မဆန်းတော့သလိုပါပဲနော်။ နဂိုမူလ သူ့ ရူပါကိုက လှချင်တိုင်းလှနေတာကိုးဗျ ၊ နောက်ပြီး
နိမ္မာနရ ၊ ဘုံကစံသီး
နတ်သမီးသို့  ၊ ညီးညီးပြောင်ပြောင်
လှကိုယ်ရောင်
ကြောင့် မွှန်ထူနေတဲ့ အဖြစ်မျိုး ဖြစ်သွားရတဲ့ ကျွန်တော့လို ပုံမျိုးကတော့
ရုပ်ဝါဟန်ပန် ၊ ဖက်မရန်တည့်
သဏ္ဌာန်တင့်မော ၊ မြင်သူဇော၌
အဆောတလျင် ၊ တပ်စိပ်ဝင်လျှက်
ဘဝင်လွန်ကျ ၊ ရူးအောင်လှ၍
ပဉ္စကလျာ ၊ ခြောက်ပြစ်ကွာ
မို့ လို့  ဖြစ်သွားရတာပဲလေ။ ဘယ်လောက်ထိများ လှလိုက်သလဲဆိုတော့
မဏိမေခလာ ၊ မည်သာတွင်ထ
အာသင်္ကနှင့် ၊ အလှစံမှီ
ဗိရဏီတို့  ၊
မယ့် ဆီလာရောက် ၊ ပြိုင်လာထောက်လဲ
မယ့် အောက်တစ်ဆင့် ၊ မယ်သာတင့်လိမ့် 
မယ်နှင့်မယ်သာ ၊ နှိုင်းစရာသည်
ဘယ်မှာမရှိ
လှခေါင်ထိ
ဖြစ်လေတော့၊ နတ်သမီးတွေထက်တောင် အလှတစ်ဆင့် အယဉ်ဆင့်လို့  တင့်တယ် ရှုမော ချောမော တာကို မြင်မိတဲ့ ကျွန်တော်တို့ လိုငမိုက်သားတို့ မှာ
နမူးနထိုင်း ၊ ဗိုင်းဗိုင်းခွေညွတ်
အချွတ်ချွတ်နှင့် ၊ တရွတ်တသီ
ဖြစ်ကုန်ကြတာပေါ့ ဗျာ။အဲလိုဖြစ်ရတာ ကျွန်တော်တို့ အပြစ်မဟုတ်ဘူးနော်၊
အဲလို စံချိန်မှီ အလှပိုင်ရှင် ဥမ္မာဒန္တီကို ကျွန်တော်တို့ စိတ်ကူးနဲ့  ပုံဖေါ်ရှုမြင်ကြည့်လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ခံစားမှုကို စိတ်ကူးနဲ့ ပဲ တွေးကြည့်မိရင်လေ ဘယ်လိုများဖြစ်လာမလဲ စာဖတ်သူတို့  မြင်ကြည့် ကြပါဦး
မျက်စိတည့်တည့် ၊ ကြည့်သောခါဝယ်
မျက်လုံးနှယ်နှင့် ၊ ရှုဖွယ်စုရုံး
သူရယ်ပြုံးသည်
ချစ်ထုံးဖွဲ့ ရှာလေသလော ။
ငါ့ ကိုများ မျက်စေ့ လည်လမ်းမှားပြီး ပြန်ချစ်ချင်လို့  ဒီလိုအကြည့်တစ်ချက်နဲ့ အသက်ထွက်မတတ် ပြုစားလိုက်တာများလား ဆိုပြီးတော့ပေါ့  ။ နောက်ပြီး
နီရဲပန်းလျှံ ၊ သက်တံရောင်လို
ဖိတ်ဖိတ်စိုသား ၊ ခိုခြေအသွင်
ဝတ်လျှက်ပင်တည့်
မြင်လှင်လှဆုံး၊ ငါ့ နှလုံးကို
ယူကျုံး နှဲ့ ရှာလေသလော။
ပုခုံးနှစ်ဘက်ကနေ ဆွဲပြီး ခါရမ်းနေသလိုပဲလား၊ ပီပါထဲ ထည့်ပြီး ကုန်းထိပ်က လိမ့် ချလိုက်သလိုပဲလား၊ ဘယ်လိုမျိုး ပါလိမ့် နော် ၊ ပြီးတော့
မာယာပန်းမွှေး ၊ ငါ့ ကိုပေး၍
ကြင်ရေးသွဲ့ ရှာလေသလော
ဆိုပြီး အတွေးနဲ့  ဖီလင်တက်နေချင်စရာပဲ ပေါ့  ဗျာ။
အဲဒိလောက်လှတဲ့  ၊ အဲဒိလောက်ချောတဲ့ ၊ အလွန်ပဲ တပ်မက်စွဲလမ်းဖွယ်ကောင်းတဲ့  ဥမ္မဒန္တီ ရဲ့ အဆုံးစွန်သော အလှကို တွေ့  မြင်ခံစားမိလိုက်ကြပြီဆိုရင် ကျွန်တော် စာဖတ်သူတွေရဲ့ ခံစားမှုတွေ ၊ အတွေးတွေ၊ မျက်စေ့ တွေ ကို နောက်စာမျက်နှာမှာ အခြေအနေပေးရင် တွေးမိသလောက် ဆားပက် နှောက်ယှက် လိုက်ပါတော့မယ်ခင်ဗျားးးး
0 comments:
Post a Comment