ဆော့ဝဲမဲ့ နှလုံးသား မိုးမိတဲ့ သံယောဇဉ်
ဒုတိယ အကြိမ်
သတိရ မိလိုက်တာကြောင့်
(သေဟဲ့ )
နန္ဒိယ လို့ ညည်းတွားမိတာက
သောက တွေ တောင်လို ပုံနေရလို့ ပါ ။
လားရာမတူတဲ့  ကောက်ကြောင်းတွေ သံစဉ်မဲ့ နေတဲ့ အချိန်
စိတ်ဓါတ်တွေကို နိမ့် ချဖို့  နိုးကြားနေတတ်တဲ့ 
မိုးကြိုးတွေက အတောင့်လိုက်ပစ်ချ
ဖြုတ်မျက်စေ့ လောက် အလင်းရောင်တံခါးကိုမှ
ဖွဖွလေးခေါက်မိလိုက်တယ်ဆိုရင်ပဲ
သစ္စာမဲ့ မှု ဆိုတဲ့ မိတ်ဆွေများ
ကျွန်ုပ်အား
ကြိုဆိုနှုတ်ခွန်းဆက်သလို့ နေကြပြီပေါ့ ။
အိတ်ဇောတွေက မှုတ်ထုတ်လိုက်တဲ့  ကာဗွန်မိုနော့ဆိုဒ်တွေလို
သွေးထိုးစကား
သွေးခွဲစကား
သွေးသံရဲရဲ နဲ့ စကား
သွေးထွက်သံယို ဖြစ်မယ့် စကား
စကား
စကား
စကား
ကျွန်ုပ်
ယောင်နန နဲ့  ငုတ်တုတ်ကြီးရယ်မောနေမိတော့
ချက်နောက်က အူတွေတောင် စားကျက်ပြောင်း ကျက်စားလို့ 
ဆန္ဒတွေကို မျို ချလို့ မရတော့တဲ့ အဆုံး
ပစ်မှတ်မဲ့  ဖေါက်ခွဲပစ်လိုက်ဖို့  စိတ်ကူးက သွေးထိုးလာတာကြောင့်
(ကလောင်မဟုတ်တဲ့ )
 ပေါပေါပဲပဲ ဘော့ပင် ကို ကောင်းဘွိုင်လိုထုတ်သုံးလိုက်မှတော့
ဆော့ချင်သလိုအဆော့ ခံလိုက်ရတဲ့  စက္ကူဖြူ လေး
ကဗျာစကားတွေနဲ့  ခံစားချက်သွေးတွေ စွန်းပေလို့ 
သွေးစုတ်ဖုတ်ကောင် အသက်ငင်သလိုဖြစ်နေရပြီပေါ့ လေ ။
ဒီလိုနဲ့ ပဲ တစ်နေ့ ပြီး တစ်လ
တစ်နှစ်ပြီးတစ်သက် 
ဘဝစာမျက်နှာတွေဖွင့်လှစ်နေလျှက်နဲ့ 
အချစ်ဆိုတာ
မိုးစိုထားတဲ့  လောင်စာတောင့်လို တငွေ့ အူအူနဲ့ မို့ 
သံယောဇဉ် ယပ်တောင်ကိုအဖေါ်ပြုအားကိုးနေရင်း
အင်းးးးးးးးးးးးးးး
ကျွန်ုပ်
(အော့့်   မေ့ တော့မလို့ )
ဂျာနယ်တစ်ခုမှာ သားစိုးပြောသလိုလေ
စာမဖတ်တဲ့ သူဟာ ဆော့ဝဲ မရှိတဲ့ ကွန်ပျူတာလိုပဲ တဲ့ 
အဲတော့
သတိ
သတ္တိမဲ့ သူများ ဒီစာကို မဖတ်ကြပါနဲ့ ။
ကညွှတ်နွယ်(ထီလာ)
06062011
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩