အင်းရေပြင်ထက်က တိုက်ပွဲခေါ်သံများ
တောင်ပတ်ဝန်း၍
မျှော်မှန်းလေရာ
စိမ်းလဲ့ ပြာသည်
နန္ဒာကန်လော
ငါတွေးတောခဲ့ ။
သစ္စာမချွတ်
မေတ္တာဆွတ်၍
ညီညွှတ်မျှတ
ဆက်ဆံကြသည်
ဓမ္မပါလော
ငါတွေးတောခဲ့ ။
ထိုအင်းကိုးတန်
ထိုရပ်ဌာန်တွင်
ကြည်မွန်တရား
ကျင့်ပွားများလျှက်
ရှည်လျားသံသာ
တိုကြောင်းရှာမူ
သင့်ရာသလော
ငါတွေးတောခဲ့ ။
          ကျွန်တော်ဒီတစ်ခါ ပြောပြဖို့ တွေးမိနေတဲ့  အင်းလေး ဒေသရဲ့  "တိုက်တေး" များအကြောင်း ကို ပြောပြဖို့  မစခင် အင်ထရိုဝင် လိုက်တာပါ။
          တိုက်တေး တွေနဲ့ ပတ်သက်လို့  သိသလောက် ပြောရရင်တော့ ရှေးတုန်းက အင်းလေးဒေသရဲ့  လူပျို အပျို တို့ ဟာ သူတို့ ရဲ့ ချစ်မေတ္တာတွေနဲ့ ပတ်သက်လို့ ရင်တွင်းခံစားချက်တွေကို ရင်ဖွင့်ချင်ကြတယ် ဆိုရင် မြန်မာပြည်ရဲ့ တခြားသော ဒေသတွေနဲ့ မတူပဲ ထူးခြားတဲ့  ဓလေ့ တစ်မျိုးနဲ့ "တေးတိုက်ပွဲ" လို့  ခေါ်တဲ့  "တိုက်တေး"ကဗျာရွတ်ပွဲတွေမှာ ကဗျာတေးကလေးတွေနဲ့  ချစ်ရိပ်ချစ်ယောင်ပြပြီး ကြော်ငြာကြရတယ်ဗျို့ ။
          အင်းလေးဒေသရဲ့  တိုက်တေး ကဗျာလေးတွေကို ခံစားကြည့်မယ်ဆိုရင် အင်းသူအင်းသားတို့ ရဲ့ အင်းအတွေးအခေါ်တွေ၊ ဓလေ့ ထုံးစံတွေ၊ အသုံးအနှုန်းတွေ၊ အလှအပတွေနဲ့  ချစ်မေတ္တာတရားရဲ့ ဆေးစက် တွေကို တွေ့ ရလိမ့် မယ်လို့ ကျွန်တော် ထင်မိပါတယ်။
တေးတိုက်ပွဲတစ်ခုရဲ့ မြင်ကွင်းကို ကျွန်တော်မြင်ယောင်ကြည့်မိတယ်ဗျ၊
          တေးတိုက်ပွဲဆင်နွဲမယ့် လူပျို အပျိုတွေနဲ့ တေးတိုက်ပွဲကို ရှုစားနားဆင်မယ့်  ဝါသနာရှင် ပရိတ်သတ်တွေ ဟာ အင်းလေး ဒေသရဲ့ မရှိမဖြစ် (ထရိတ်မတ် ) လှေ ကလေးတွေနဲ့  ရောက်လာကြပြီပေါ့ ဗျာ။
          စပြီဆိုတာနဲ့ အင်းသားလေးတွေဖက်က
တိုက်မယ်တဲ့ တိုက်မယ်။
ရွာလယ်မှာ ဖျာဖြူခင်းလို့ 
လင်းအောင်တိုက်မယ်။
တိုက်ပါ့မယ် မိငယ်မို့ ကောင်လုံး။
ရွာလယ်မှာ ဖျာဖြူခင်းပါလို့ 
(မကြီးရယ်) လင်းအောင်တိုက်ဦး။
မိုးအလင်းတိုက်ကြစို့ ဆိုပြီး "စိန်"ခေါ်ချင်ခေါ်မယ်ဗျာ၊ ဒါမှမဟုတ်ရင်လည်း တာထွက်ထွက်ခြင်း တစ်ဖက်က အင်းသူလေးတွေ သွေးဆူသွားအောင် ဆွပေးချင်ရင် ကလိတိတိနဲ့  ဟာသလေးစွက်ပြီး
မထိတထိစ, တဲ့ အနေနဲ့ 
တိုက်မယ်တဲ့ တိုက်မယ်။
ယောက္ခမ လှေဦးဆိုး
ကျိုးအောင်တိုက်မယ်။
တိုက်ပါ့ မယ်မိငယ်မို့ ကောင်လုံး
ယောက္ခမ လှေဦးဆိုးကိုလ
(မကြီးရယ်) ကျိုးအောင်တိုက်ဦး။
သူငယ်ချင်းတို့ သိတဲ့ အတိုင်းပဲလေ၊ လှေမပါရင်အင်းမဖြစ်တဲ့  ဒေသဆိုတော့ အင်းလေးဒေသမှာ လှေက ဇာတ်လိုက်ကျော်ပေါ့ ။
          ကျွန်တော်ထင်တယ်ဗျ အင်းသူလေးရဲ့ လှေကို ယောက္ခမ လှေလို့ သုံးတယ်။ လှေတောင်မှ ရိုးရိုးလှေမဟုတ်ဘူး၊ လှေဦးပိုင်း ဆွေးမြေ့ နေတယ်ဆိုပြီး လှောင်ပြောင်သရော်တဲ့  အသုံး မျိုး ထည့်သုံးလိုက်တော့ စစချင်း ဦးချိုး ထားသလိုမို့  တိုက်ပွဲတစ်လျှောက်လုံး အထက်စီးနဲ့  နေရလိမ့်  မယ်လို့  ထင်ချင်စရာပေါ့ ။
          ဒါပေမယ့် ဗျ။ အင်းသားလေးတွေ စပြီး တေးဖွင့်ကတည်းက ဆိုလိုက်တဲ့ တေး စာသားကိုရော တေးဆိုသူ အင်းသား လေးကိုရော စောင့်ကြည့်ပြီး အားနည်းချက်ပျော့ ကွက် ဟာကွက် ရှာနေတဲ့  အင်းသူလေး တွေက လည်း မခေဘူးဗျို့
အသံက မကျယ့်တကျယ်
ကြက်သူငယ်ပါ့ မခြား။
တေးမယ်ကိုမရှက်လိုက်
တေးတိုက်မယ်လား။
သေပြီဆရာ။ တစ်ဖက်က ကြိမ်းဝါးသံမှ မဆုံးသေးဘူး။ ဆွေ့ ဆွေ့ ခုန်နေတဲ့ လေသံနဲ့  အင်းသားလေးရဲ့ အားနည်းချက် တစ်ခုကို ဖွင့်ထုတ်ပြီး ဆော်သဗျို့ ။ အသံကိုက သေးညှောင်ညှောင်နဲ့  ကြက်ပေါက်စ အသံနဲ့ တေးတိုက်ဖို့ လာတာလား၊ဘာလားပေါ့ ။ စဉ်းစားပါဦးပေါ့ ။
          အဲတော့ ပွဲဆူကုန်ပြီဗျို့ နဲနဲလည်းတင်းသွားကြပုံပဲဗျ၊ ငယ်ကျိုးငယ်နာတွေပါ ဖေါ်ကုန်ကြတော့တာပေါ့ ။ အင်းသားလေးတွေဘက်က ပြန်တွယ်လိုက်တာက
သေလုအောင်ချစ်ပြီးမှ
တသီးတဲ့ ဖေါက်ပြန်။
ရွှေမျောက်လို သစ်ပင်တက်
လက်လွှတ်ရပြန်။
ရွှေလက်ဝါးထပ်ထပ်ခံ
မတန်ပါလို့ ပယ်သလား။
ချစ်ပြီးမှ တဖန်မုန်းတယ်
(မကြီးရယ်)ထုံးရှိသလား။
ချစ်မေတ္တာ သက်ဝင်ပြီးကာမှ မုန်းတယ်ပြောရိုး ထုံးစံ ရှိသလားပေါ့ ။
နားဦးမယ်ဗျို့
အင်းသူလေးတွေဖက်က  ဘယ်လိုများ တုန့် ပြန် မလဲ။ ဒီပွဲမှာ ဘယ်ဘက်က နိုင်မလဲဆိုတာကိုတော့
ဟဲဟဲ၊ စာသိပ်များသွားမှာစိုးတဲ့ အတွက် နောက် တစ်ပိုင်းကျမှ ဖတ်ကြပါတော့လို့  ခွင့်တောင်းခဲ့ ပါကြောင်း။
ညွှန်း- အင်းလေး(၁၉၈၄)၊ ဒါရိုက်တာမြင့်မောင်
ကညွှတ်နွယ်(ထီလာ)
14092011
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩