အင်တာနက် ထဲမှ မောင်းထောင်း သံများ
          ရှေးယခင်အခါတွေက မြန်မာမိန်းကလေးတို့ ဟာ လူငယ်တို့ ဘာသာဘာဝ ရည်းစားအကြောင်း၊ ဟိုအကြောင်းဒီအကြောင်း ၊ သတင်း၊ အတင်း စတာတွေကို ရပ်ရွာ
ဓလေ့ အရ အများပိုင် မောင်းထောင်းဆုံကြီးမှာ စုပေါင်း လုပ်ကိုင် ကြရင်း ပြောကြ ဆိုကြပါတယ်။ အဲလိုပြောဆိုကြတဲ့ အခါမှာ ပြောဆိုချင်တဲ့  အကြောင်းအရာတွေကို ကဗျာ၊ သီချင်း စတာတွေနဲ့  သီကုံး ပြောဆိုလေ့ ရှိကြပါတယ်။
          ဒီခေတ်အခါမှာတော့ မိန်းကလေးတွေဟာ အင်တာနက် ဆိုင်မှာ စုရုံးကြပြီး ဝါသနာပါရာ၊ ဆန္ဒရှိရာ တို့  ကို လုပ်ကိုင်ရင်း ပြောဆိုနေကြပြီပေါ့ ။
          အဲတော့ ကျွန်တော်က ရှေး ခေတ် မောင်းထောင်း ကဗျာ တွေကို ခေတ်သစ် မော်ဒန် နည်းနဲ့  ဘာသာပြန် ရေးဖွဲ့  လို့  တင်ဆက်လိုက်ချင်ပါတယ်။ ပျော်စရာသက်သက်လို့  သဘောထား ပေးကြစေလိုပါတယ်။
၁။
လက်ဆုံတွေချပါလို့  ၊ ဟန်ကျအောင်စီ ။
ရွှေနောင်သူ အပျိုအပေါင်းရယ် ၊ မောင်းကျောက်ကိုချီ ။
ချိုကျူးငယ်သီ ၊ ညီအောင်ပအချက်ပေး ။
ပျော်ရွှင်ရွှင်ယဉ်ယဉ်တွဲပါလို့  ၊ နွဲကြစို့ လေး ။
ကီးဘုတ်ပေါ် လက်တင်လို့ ၊ ရိုက်မယ်လို့ ပြင်။
On line သူ Chatting မယ်တို့ ၊ လက်ကွက်ကိုနှင်။
VZO တွင်၊ မြင်အောင်ပ မနှေး။
သုတစုံ စိတ်ပန်းဖြေဖို့ ၊ စက်ဖွင့်စို့ လေး။ 
၂။
မေးပါနဲ့ အေ
ရွှေနောင်သူအလှူပေးတယ် ၊ မောင်းသံတဲ့ လေး ။
ဟိုရှေ့ က ဆူညံညံ၊ ဘာသံလဲမေး။
မေးပါနဲ့ အေ၊
ဂိမ်းကောင်တွေ ကမြင်းကြတယ်၊ “ဒိုတာ” တဲ့ လေး။ 
၃။
ဟုတ်ပါဘူးအေ
ဖန်ဆွတ်ရေသင်္ကန်း ။
ရဟန်းတွေဆွမ်းခံကြွတယ်၊ လောင်းလာကြစမ်း။
ဟိုနားက ဝါဝါထိန်၊ မီးအိမ်လားမေး။
ဟုတ်ပါဘူးအေ၊
သင်္ကန်းတွေတဖားဖားနဲ့ 
ကိုယ်တော်များ Internet ကို၊ ဝင်စွက်တာလေး။ 
၎။
ပျိုလေးယက်တဲ့ ယက္ကန်းစင်၊ ဘာဆင်လို့ မေး ။
မေးပါနဲ့ အေ
တို့ တတွေ ချွေတာခြင်းကြောင့်၊ တင်းတိမ်တဲ့ လေး ။
သူငယ်ချင်းဝတ်တဲ့  စကပ်တို၊ ဘယ်နှစ်ကျပ်တန်လဲမေး။
မေးပါနဲ့ အေ၊
ငါ့ အမေ နေ့ ပြန်ပေးလို့ ၊ အဖိုးတန်ရဲ့ လေး။ 
၅။
မီးတိုင်နှင့်တထိန်ထိန်၊ ကျွန်းပျဉ်ထောင်အိမ် ။
တိုက်တာက မှန်လုံ၊ ခြင်လုံကာ အအေးခန်းနဲ့ ၊ နေစမ်းလှချင်။
သို့ ပေမယ့် ရှင်၊ အမြင်မှာ မတင့်။
ငါ့အိမ်ကိုမလာလည်နဲ့ ၊ ဧည့်ကြောက်သည်ရှင့်။
၆။
ယိမ်းယိုင်တဲ့ ယိမ်းယိုင် ။
ပျို တို့ မောင် ဆောင်တော်ထပ်က၊ ဘိန်းပြတ်လို့ မှိုင် ။
မမှိုင်ပါနဲ့  ရွှေရောင်စောင်း ။
ပျိုပန်တဲ့ စိန်နားတောင်းကို၊ ဖိုးဆိုလို့ ရောင်း ။
ယိမ်းလို့ ရယ်ယိုင်၊
ငါ့ ဘဲနာ ဘီယာ မူးလို့ ၊ ဒူးခေါင်းမနိုင်။
နိုင်စေချင်ရဲ့  အချစ်လေး။
နောက်တစ်ခါ မမျိုခဲ့ နဲ့ ၊ ဆိုဆဲချင်သေး။
၇။
မယားရရင်မလျော်ခဲ့ နဲ့ ၊ ခေါ်ခဲ့ ပါကွယ် ။
အိမ်ထောင်ဝယ်၊ လုပ်ဆောင်ဖွယ်အရေး ။
ထင်းခွေရေခတ်နှင့်
ဆန်ဖွပ်ပါနေရာတိုင်းမှာ၊ ခိုင်းလိုက်မယ်လေး ။
On line ပျော် မေ့ ချစ်ဦး၊ အထူးပဲ ပြောမယ်။
ရည်းစားတွေမှိုလိုပေါက်ရင်၊ အရောက်ခေါ်ခဲ့ ကွယ်။
စကပ်နဲ့ ထမီရယ်၊ ဘောင်းဘီနဲ့ ခံအတွင်း။
လျှော်ခိုင်းပြီး ညနေစောင်းလို့ 
မေညောင်းရင်လှဲအိပ်ပေးမယ်၊  နှိပ်လို့ ရယ်နင်း။
၈။
ပိန်းဖိနပ်တဲ့ အနီထည်၊ စီးမယ်လို့ ဝယ် ။
ခုနှယ်ခါမစီးသေး ။
မောင်နှင့်မယ် တကယ်ရမှ ၊ စီးပါ့ မယ်လေး ။
ပါးဟိုက်ဟိုက် မေ့ အင်္ကျီ၊ ဝတ်ဖို့ အတည်၊။
ခုဒီချိန် မဝတ်သေး။
မောင်နဲ့ မေ ချိန်းတွေ့ ကာမှ၊ ဝတ်ပါ့ မယ်လေး။
၉။
ဟိုးနားက ယောင်ပေယောင်ပေ၊ သားတစ်ယောက်အဖေ ။
ခေါင်းပေါင်းစရှေ၊ ဟန်နေက ကြော့  ။
လူပျိုပုံလာမလုပ်နဲ့  ၊ ရွာရှုပ်တယ်တော့ ။
ဟိုနားက ကိုမှန်ကြောင်၊ မိန်းမနဲ့ ကောင်။
မျက်နှာကပြောင်၊ ကြောင်တောင်တောင် သူ့ အခွက်။
On line မှာလာမရှုပ်နဲ့ ၊ နှင်ထုတ်မယ်ထွက်။
၁၀။
ခေါင်းပေါင်းစ ရှေရှေချလို့ ၊ မိန်းမလှကိုရှာ ။
ချောင်းကြည့်ပြုံးပြန်နှင့်
အတန်တန်ဟန်တွေလုပ်ပေမယ့် ၊ ကျိုးယုတ်မည်သာ ။
ကိုဟဝါ ၊ လိုတာကိုမရ ။
ဂျယ်လိမ်းကာ ဆံကိုထောင်လို့ ၊ ဖွန်ကြောင် ဖို့ လာ၊
အကြောလိုက်ကာ မျက်စေ့ မှိတ်လို့ ၊
ကြိတ်ပိုးသူ ဂိုက်ပေးကြမ်းတယ်၊ စမ်းကြည့် လေကွာ။
ငနာကောင်၊ သေတာတောင် မမျှော်မှန်းနဲ့ ။
၁၁။
အောက်သားတွေလာ၊ ဖျာစုတ်ကိုခင်း ။
သုံးတောင်ထွာခုံဖိနပ်နှင့် ၊ ရင်ဘတ်ကိုနင်း ။
တဏှာရူးတွေလာ၊ ဒီမှာကွယ် ပက်လက်လှဲ။
သုံးလက်မကျော် ဒေါက်ရှည်ဖိနပ်နဲ့ ၊ ပါးစပ်ကို ဖြဲ။
၁၂။
အောက်သားတွေ
ရှမ်းပြည်မှာလေလွင့်လို့ ၊ ပြန်ခွင့်မရ ။
ဆန်အစေးငယ်နှင့်
ကြေးမသင်ငါးပိခါးကို၊ စားလို့ မဝ ။
တဏှာရိုင်းးတွေ
On line မှာလေလွင့်လို့ ၊ စိတ်ထင့်နေရ။
ကော်နက်ရှင် လိုင်းမတက်တာနဲ့ ၊
တစ်နာရီ လေးရာ တောင်းလေတော့၊ ညောင်းလိုက်ပါကွ။
၁၃။
တန်ကြစို့ အေ၊ ပြန်ကြဖို့ အရေး ။
တို့ မွေးမေ ရွှေလည်မော့ လို့  ၊ မျှော်ရော့ မယ်လေး ။
တာ့တာ တော့အေ၊  ငါ့မှာတော့မအေး။
အိမ်ကလူ ဂျစ်မတိုက်ခင်၊ လစ်လိုက်စို့ လေး။
သူငယ်ချင်းတို့  စိတ်ပျော်ရွှင် ကြပါစေ။
သူငယ်ချင်းတို့ အနေနဲ့ လည်း မူရင်းကဗျာများကို ဖတ်ရှုပြီး ခံစားမိသလို ရေးဖွဲ့  ခဲ့  ကြစေလိုပါတယ်။
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်။
         မူရင်းမောင်းထောင်း ကဗျာများသည် ၁၉၅၉ ၊ ဇန်နဝါရီလ၊ စာပေဗိမာန် မဂ္ဂဇင်း အတွဲ(၇)၊ အမှတ်(ဂ)မှ ဖြစ်ပါသည်။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩