ကညာစင်ရဲ့ ရုပ်ပုံလွှာ
ဥမ္မာဒန္တီ
ဤမိန်းမမွန် ၊ အလှလွန်လည်း
အတန်မကြာ ၊ အနိစ္စာတွင်
ဇရာမရဏံ ၊ နယတံနှင့်
ဓုဝံမချွတ် ၊ ဖြစ် ရလတ္တံ့  ။
ငါးရာ့ ငါးဆယ်ဇာတ်ဝတ္ထု၊ ပဏ္ဏာသ နိပါတ် မှ ဥမ္မာဒန္တီ ဝတ္ထုကို ပျို့ လင်္ကာ စပ်ပြီး လက်စွမ်းပြထားတဲ့  ဦးရွှန်း (ခ) မဟာမင်းလှမင်းခေါင်ကျော် ရဲ့ ဥမ္မာဒန္တီ ပျို့  လာ အပိုဒ်ရေ (၈၉) မှ သံဝေဂ အသိတရားယူဖွယ် ကဗျာ ပိုဒ်လေးတစ်ခုပါ။ ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းအောင်လှတဲ့ မိန်းကလေးပဲဖြစ်ဖြစ် ဇရာ ဆိုတဲ့ အိုမင်းခြင်း တံခါးကို တစ်နေ့ မုချ ခေါက်ကိုခေါက်ရမယ် ဆိုတာကို တွေးမိတော့  ဒီနေ့ အလှမာန်တက်ပြီး ဖနောင့်သံစူး သလို မြောက်ကြွမြောက်ကြွ လုပ်နေတဲ့  ကောင်မလေးတွေ အသိတစ်ချက်ဝင်လိုက် စေ့ ချင်လိုက်တာဗျာ။
မယ်စင်္ကြာဝဠာ၊ မယ်ကမ္ဘာ၊ မယ်မြန်မာ၊ ( လာလတ္တံ့ သော မယ်တော် ) တို့ ကို သွားရည်တမြားမြား ကြည့်ပြီး သဘောတွေခွေ့ နေရင်းနဲ့ ဒီစာမျက်နှာ ကို ရေးဖို့ အတွေးရခဲ့ တာဖြစ်ပါတယ်။
ရသစာပေ၊ ရသကဗျာ တွေကို ဖတ်ရှုခံစားရတဲ့ အခါ တွေ့ ထိမိတဲ့  ကျွန်တော် သိသမျှ လက်လှမ်း မှီသမျှ ကလေးတွေ ကို ပြောပြရမယ်ဆိုရင် ၊ အကြောင်းအရာ ( CONTENT ) နဲ့  ပုံသဏ္ဌာန် ( FORM ) ဆိုပြီး နှစ်မျိုး တွေ့ ရ တယ်ခင်ဗျ၊ အကြောင်းအရာ ကတော့ စာဆိုရှင်က သူ့ ရဲ့  စေတနာ နဲ့  စိတ်ကူးဥာဏ် ကိုသုံးပြီး တင်ပြ လိုက်တဲ့  ပတ်ဝန်းကျင် လောက အဖွဲ့ ပါပဲ၊ ပုံသဏ္ဌာန် ကတော့ စေတနာနဲ့  စိတ်ကူးဥာဏ် ကိုအရင်းခံပြီး စကားအသုံးပြေပြစ်ဖို့ ၊ အနက်အဓိပ္ပါယ်ဆန်းကျယ်ဖို့  ၊ ဆိုလိုချင်တဲ့ ရုပ်လုံးပေါ်လာစေဖို့ ၊ အရေးအဖွဲ့ ပြောင် မြောက်ဖို့ ၊ စတာတွေအတွက် စွမ်းရည်ပြကွက်တစ်ခုလို့  ထင်ပါတယ်။ တကယ်ပဲ နှစ်သက်ဖို့ ကောင်းတဲ့  ရသစာပေ တွေထဲမှာ ကျွန်တော်ပြောခဲ့ တဲ့  အကြောင်းအရာနဲ့  ပုံသဏ္ဌာန်တွေဟာ ကွက်တိအံကျ ဖြစ်နေကြ တာကို မြင်တွေ့ နေရဆဲပဲ လို့  တွေးမိနေပါတယ်။ (ကျွန်တော်ဖတ်ဖူးတာကို ပြောပြခြင်းဖြစ်ပါကြောင်း)
အဲဒိလို အကြောင်းအရာနဲ့  ပုံသဏ္ဌာန် တွေ ထင်ရှား ပြတ်သားပြီး မြန်မာ့ စာပေ နန်း မှာ ထီးဖြူ စိုက် ခဲ့ တဲ့ ဦးပုည နဲ့ ဦးရွှန်းတို့ ရဲ့  ကဗျာဥာဏ်ရည်ကို ထိပ်တိုက် ရင်ဆိုင်ပြချင်လို့  အခုလို စကားဦး သန်းလိုက်တာ ကတ္တရာပီပါ ထမ်းနေသလို ဖြစ်သွားရင် လေရှည် မိတဲ့ ကျွန်တော့ကိုပဲ ဆဲကြပါတော့ ခင်ဗျားးးးးးးးးး။
ကျွန်တော် ထိပ်တိုက်တွေ့ ရန်တိုက်ပေးချင်တဲ့  ဦးပုည ရဲ့ ကဗျာအဖွဲ့ ဟာ တေးထပ် အမျိုးအစား ဖြစ်ပြီး ဦးရွှန်းရဲ့ ကဗျာ ပုံစံကတော့ ပျို့ လင်္ကာ အမျိုး အစား ဖြစ်တော့  ကဗျာ အမျိုး အစားချင်း မတူတဲ့  အခြေအနေ ဖြစ် နေတဲ့ အပြင် ဖွဲ့ ဆို ထားတဲ့  အကြောင်းအရာ ကလဲ ဆန့် ကျင်ဘက် အတွေး၊ ဆန့်  ကျင်ဘက်အရေး မျိုး ပါ ဖြစ်နေပြန်ပါတယ်။
ကျွန်တော်ယှဉ်ပြီး တွေးမိနေတာက ဦးပုည က လူတစ်ယောက်ရဲ့  ရုပ်ရည် ၊ ဂုဏ်ရည် ကို ပြစ်ပြစ်နစ်နစ် ရှုံ့ ချ သရော်ထားပြီး၊ ဦးရွှန်းကတော့ သူ့ အရင်ကလဲ သူ့ လောက်စွဲမက်ဖွယ်မရှိသလို သူ့  နောက်မှာလဲ သူ့ လိုပြိုင်ဘက်ကင်း အလှမျိုး မပေါ်ပေါက်နိုင်လောက်အောင် ချောမောလှပတဲ့  ဥမ္မာဒန္တီ ဆိုတဲ့  မိန်းကလေး တစ်ယောက်အကြောင်း ချီးပ ဖွဲ့ ထားကြတဲ့  ဆန့် ကျင်ဘက် ရသ တွေကိုပါပဲ။
အခုပြောပြချင်တဲ့ အကြောင်းအရာတွေကတော့ ကျွန်တော့ ရဲ့ ပုဂ္ဂလိကလိုရာဆွဲ အတွေးများဖြစ်ပါတယ်။ မူရင်းစာဆိုရဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲနိုင်ကောင်းကွဲလွဲမှာဖြစ်ပါတယ်။
အရင်ဆုံးကျွန်တော်ပြောပြချင်တာက ဦးရွှန်းရဲ့  ကညာ ချီးမွမ်း ခန်းပဲဖြစ်ပါတယ်။ နိပါတ်တော်ထဲက ဥမ္မာဒန္တီဟာ နောက်ထပ် သူ့ လိုမျိုး အလှပိုင်ရှင် မရှိနိုင် ကြောင်းကို-
တောင်ပေါ်ကြာတွေ့ ၊ အရှေ့ နေဝင် ၊ မီးပင်ချမ်းမြ
တော့ မှ ရှိတော့မယ်၊ ဘယ်လိုမှ မရှိနိုင်တော့ဘူးပေါ့ ၊ နောက်ပြီးတော့
မိုးပေါ်နေလ ၊ မကျမြေမှာ
ဂင်္ဂါမြစ်ကြီး ၊ မစီးညာပြန်
လေးတန်ရောင်စို ၊ မြင်းမိုရ်မအက်
ထွက်ပြီးဆင်စွယ်၊ မဝင်ဖွယ်
ဆိုသလို နောက်ထပ် သူ့ လို အလှ ပိုင်ရှင်မျိုး မမျှော်လင့်နဲ့ တော့လို့ ပြောနေသလိုပါပဲ။
သူ့ အကြောင်းကို နဲနဲ အကျယ် ချဲ့ ပြောရရင်တော့  မာတုဂါမ တစ်ယေက်ကို စွဲလမ်းမိပြီး
ကလျာရူပ ၊ မိန်းမလှကို
လမ်းမှမြင်မိ ၊ တပ်စိတ်ငြိသော်
ဝိရိယလွတ်၊ ကျင့်ဝတ်ကမ္မဋ္ဌာန်း
စီးဖြန်းလက်လျှော့ ၊ နှလုံးပေါ့ ၍
ဖျော့ တော့ပိန်ခြောက် ၊ ရောဂါရောက်လျှင်
စိတ်နောက်သောအား၊ လူစိတ်ပါး လျှက်
လူထွက်ချင်နေတဲ့  ရဟန်းတစ်ပါးကို အကြောင်းပြုပြီး ဗုဒ္ဓဘုရားရှင်က ဥမ္မာဒန္တီ ဇာတ်တော်ကို ဟောခဲ့  တာကိုးဗျ ။
တကယ်တော့ ချစ်မေတ္တာတပ်မက်စိတ်ဆိုတာ တကယ်ကို ခံရခက်တဲ့ ဝေဒနာ အမျိုးအစားပါပဲ၊ ဝေဒနာ ပေါင်းစုံထဲမှာ ချစ်ဝေဒနာဟာ အဆိုးဆုံးပဲပေါ့ ၊ အဲဒါကို ဦးရွှန်းက-
စစ်ရေးမက်ရေး ၊ ရန်သူဘေးကြောင့်
အပြေးအလွဲ ၊ ဆွေမျိုးကွဲသား
ပြည်ထဲရေးရာ ၊ ခက်သည်သာတည့် ။
အစာအစား ၊ ထွားထွားမြေ့ ကြေ
ရှားပါးလေ၍ ၊ သေကျေပျောက်စဲ
ငတ်မွတ်ကဲလျှင် ၊
ပြည်ထဲရေးထက် ၊ ဝမ်းရေးခက်၏ ။
ထို့ ထက်မှာမူ ၊ ချစ်ခင်သူနှင့် 
အတူတကွ ၊ မပေါင်းရပဲ
လွမ်းတပူဆွေး ၊ သူနှင့်ဝေးသော်
ပြည်ထဲရေးနှင့် ၊ ဝမ်းရေးတို့ ထက် ၊ လွမ်းရေးခက်၏ ။
ဆိုပြီး ဝေဒနာတို့ ရဲ့ ထိပ်ခေါင်ဟာ ချစ်မေတ္တာ ဝေဒနာ ကြောင့်ပဲလို့ ထောက်ပြထားပါတယ်။
စာဖတ်သူတွေ ကျွန်တော့ကို တော်တော်ကို အမြင်ကတ်နေလောက်ပါပြီ၊ ဘာကြောင့် ဒါလောက် အချီး နိဒါန်း နမူနာ ကြော်ငြာတွေ ပေရှည်နေသလဲ ဆိုပြီးတော့ပေါ့  ။
ကျွန်တော်က ဦးပုည ရဲ့ ပိုးစိုးပက်စက် ရှုံ့ ချ မှု တွေကိုပေါ်လွင်စေချင်တော့ သူနဲ့ ဆန့် ကျင်ဘက် ရက်ရက်စက်စက် အလှဘွဲ့  ကို လေပြေ ခင်းထားမှ ပိုပြီး မြင်လွယ်မှာ မို့ လို့ ရယ်၊ တကယ်တမ်း ဥမ္မာဒန္တီ ရဲ့  အလှဟာ စိတ်ကူးယဉ်သက်သက် တစ်ခုမဟုတ်ဘဲ ဘုရားဟော တကယ့် အဖြစ်မှန် ဆိုတာကို ပေါ်လွင်စေချင်လို့ ပါ။
ဥမ္မာဒန္တီ ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင်တော့
ဥမ္မာ = ရူးသွပ်ခြင်း
ဒန္တီ = သွား
ဆီလျော်အောင် ပြောရရင်တော့ သွားလေးပေါ်ရုံပဲ ပြုံးပြရုံနဲ့ ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မြင်ရုံနဲ့ တင်ပဲ ဖြစ်ဖြစ်၊ မြင်သမျှ သူတွေ ယစ်မူး ရူးသွပ်စေလောက်အောင် ချောမောလှပသူ လို့ ပဲ ပြောရတော့မှာပေါ့  ။
( နားဦးမယ်ဗျာ၊ ဆက်လက်ပြီး အခြေအနေပေးရင်ဒီအကြောင်းနဲ့ ပါတ်သက်ပြီး တွေးမိတာတွေ ကို အခန်းဆက်နဲ့  ထပ်ပြော ပြချင်ပါသေးတယ် )
1 comments:
New Casino - DrMCD
Play the 구리 출장안마 best casino games and 계룡 출장마사지 get NEWEST bonus codes and promotions on your next trip. 오산 출장샵 New casinos in 사천 출장마사지 Colorado, Michigan, New Jersey, Pennsylvania and now 경상남도 출장마사지 Indiana.
Post a Comment