အတွေးထဲက ရွှေမန်းသူ
ညှင်းသွဲ့ သွဲ့ မုတ်သုန်လေအကူး
ဝါးရွက်တို့ က မြခြူသံပမာ
အဆင်းလှလှ နှင်းည တစ်ညမှာ
သင်းတမြမြ ပန်းပွင့်နှင်းဆီတွေ့ 
သီချင်းပါ ။ သီချင်းတစ်ပုဒ်ကိုနားထောင်နေတာထက် ကဗျာတစ်ပုဒ်ရွတ်သံကို နားထောင်နေရသလို
ခံစားနေရလောက်အောင် လက်ရာ မြောက်လွန်းလှပါတယ် လို့ တွေးနေမိပါတယ်။
          ဝါးရွက်ကိုလေတိုးတဲ့  စည်းချက်နဲ့ အညီ နှင်းမှုံ ကန့် လန့် ကာ ကို လှပ်ပြီး သုခမ အက
နဲ့  လှနေတဲ့  နှင်းဆီ ပွင့်တွေအလား ထင်မှတ်မှားရလောက် အောင် တင်စားထိုက်တဲ့  ရွှေ မန်းသူ
ကလေး တွေကို မြင်ယောင်လာစေ အောင် စွမ်းဆောင် နိုင်လွန်းလှပါတယ်။
          မန္တလာသူတွေရဲ့ အလှဟာ နန်းဆန် တဲ့ ၊ တော်ဝင်တဲ့ ၊ တည်ငြိမ်တဲ့ ၊ နုပျိုတဲ့  အလှ
မျိုးတွေ လို့ ပြောချင်ပါတယ်။ ရွှေခြေကျင်းတွေ နေရာမှာ ဖု ချိန်း လေးတွေ အစားထိုး ပြီး
ခေတ်မီမီ လှ နေတဲ့  အလှမျိုး လို့ လဲ တွေးလို့ ရပါတယ်။
          မနက်ခင်း အရုဏ် တက်စ မိုးသောက်နေရောင်ရဲ့ အောက်မှာ ကျုံးဘေးတလျှောက်၊
လေးတွေကို မြင်လိုက်ရတဲ့ အခါ ရင်ဘတ်ထဲ ပုစွန်ဆိတ် တွေ သောင်းကျန်းနေသလိုက တစ်မျိုး။
ဟော- ညနေရီ ဆည်းဆာအောက်မှာ အီကွစ်မန့်  အပြည့်အစုံနဲ့ (ခွေး+ဖုန်း+အဝတ်အစား+ဘာညာ
သာရကာ) အလှပြ လမ်းလျှောက်နေတာကိုမြင်ပြန်တော့ ချိတ်မှာ မိနေတဲ့  ငါးဖယ် လို ရင်ထဲမှာ
လွန့် လွန့် လူး နေတာမျိုးက တစ်မျိုး၊ မရိုးနိုင်အောင် ပြုစား နိုင်တဲ့ အလှ ပိုင်ရှင်တွေပေါ့ ။
          ဟိုးအရင်တုံးကတော့ "အသားဖြူမြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ထွေး" တဲ့ ၊
မိန်းကလေး တွေရဲ့  အလှကို ဆင်ခြင်ပြထားတာပါ။ အခုခေတ် ရွှေမန်းသူ တွေရဲ့ ညိုပြာညက်
အလှ ကိုတော့ "ဆိုင်ကယ်တစ်ပြေး" မှာ တွေ့ ကြရမှာပါနော်။ ညိုပြာညက် ဆိုလို့  ရွှေမန်းသူတွေ
အားလုံး အသားညိုတယ်လို့ တော့ မထင်လိုက်ပါနဲ့ နော်၊ရွှေဝါရောင်အသားအရေပေါ်မှာ မြစိမ်း
ရောင် မြစ် ကလေးတွေ စီးဆင်းနေတဲ့  မန်းဆန်တဲ့ အလှပိုင်ရှင်တွေလဲ အစားထိုး နေရာယူပြီး
ဖြစ်နေကြပါပြီ။
          ယဉ်နွဲ့ နွဲ့ လမ်းလျှောက်တတ်တဲ့ ဟန်၊ ဆံပင်ကိုလေတိုးရင် လက်သန်းကလေးနဲ့ သပ်
ရဲတင်းနေတာလဲမဟုတ် ) အကြည့်တမျိုးနဲ့  ကြည့်တတ်တဲ့ ဟန် တွေဟာ မြင်လိုက်ရတဲ့  ကျွန်တော့အဖို့  ကဗျာ တစ်ပုဒ်ကို ခံစားရမိသလိုပါပဲလို့ ပြောရလောက်အောင်ပါပဲဗျာ။
          တကယ်တော့ ရွှေမန်းသူတွေဟာ အလှပေါ်အယဉ်ဆင့် သလို စိတ်ဓါတ်စွမ်းအား၊
စေတနာခွန်အား နဲ့  သဒ္ဓါတရား မှာ လက်ဖျားခါ လောက်ပြီး နှိုင်းယှဉ်စရာ မရှိလောက်
အောင် ထက်မြက်ကြတဲ့ သူတွေဆိုတာ မေးခွန်း ထုတ်နေစရာမလိုလောက်အောင်ပါပဲ ။
          ဗန်းမော်ဆရာတော်ရဲ့ တေးထပ်တစ်ပုဒ်ကို တွေးနေမိတဲ့ အကြောင်း ပြောချင်လို့ 
အခုလို ကြိုပြီး မျက်နှာချို သွေးလိုက်ရတာပါခင်ဗျားးးးးးးးးးး
မန်းမြို့ သူသောက်ကျင့် 
ထောက်ချင့်၍စာနာ
ဆွမ်းကိုဖြင့်မခံလိုပါ
တန်ပါပြီငါ့ ရီး ။
မစားပဲ အငတ်နေမည်
သေချင်သေဟဲ့ အပြီး ။
          ခွီးးးးးးးးးးကနဲ  ရယ်လိုက်မိအောင် လက်သံပြောင်လွန်းပါတယ်၊ ဒေါသနဲ့ ဆောင့်
ကြီးအောင့်ကြီး လေသံက အံကိုကြိတ် နှုတ်ခမ်းကိုစူပြီး ပြောနေတဲ့ ဆရာတော်ရဲ့  ပုံကို မြင်မိ စေပါတယ် ။
ဟိုနေ့ က တစ်အိမ်မှာ
ပြည့်စုံစွာဖန်တီး ။
ကျယ်ဝန်းစွာ ဇလုံကြီးရယ်နဲ့ 
မောက်လုနီးဆွမ်းတွေ ။
လောင်းလိမ့် မယ် ထင်အမှတ်နဲ့ 
ဝင်ကပ်လို့ ရပ်မိပေ ။
          ဖိနပ်လဲ ပါပုံမပေါ်ဘူးဗျ၊ နေကလဲ နဲနဲ မြင့်လာပုံရတယ်၊ ဆာကလဲ ဆာနေပြီ
ထင်ပါရဲ့ ၊ ဆန္ဒဇော နဲ့  နောက်ကြောင်းပြန်ပြလိုက်တဲ့ အဖွဲ့ တစ်ခုပါ ။
ပဏ္ဏိတ ခေါင်းပြောင်ကို
လောင်းပေါင်ဆို ကိုယ်ရင်ကြီးရယ်လို့ 
ကန်တော့ဆွမ်း ဆီးလို့ သူဆို
နပ်ပုံ မပေါ်တော့ စချင်နောက်ချင်တာပဲလား၊ မြင်ရတာ ကြည်ညိုမှု အားနည်းစေလို့ လား
တော့မသိဘူး ကန်တော့ဆွမ်းတဲ့ ၊ အဲတော့ ဒေါခီးပြီပေါ့ ၊ ဒါပေမယ့်  ဒေါသကိုမြှုပ်၊
သည်းခံခြင်းကိုထုတ်ပြီး နောက်ဆုတ်ပြန်လာ ခဲ့ ပေမယ့့် 
မကျေဘူး ကမ္ဘာပြိုတောင်
ငါရွှေကိုယ် နာလွန်းလို့ လေး ။          ။
          တွေ့ ကြသေးတာပေါ့ ကွာ၊ ဆိုပြီး ကြိမ်းလိုက်တာ၊ သူ့ ရဲ့ ကဗျာကိုဖတ်နေကြသရွေ့ ၊
ခေတ်အဆက်ဆက် သူ့ ရဲ့ မကျေနပ်ချက်ကို ရင်ဖွင့် ပြနေဦးမှာပါပဲ လို့ တွေးမိလိုက်ပါတယ်။
(စာကြွင်း - ကျွန်တော် အရင်လိပ်စာမဟုတ်တော့ပါ ၊ လိပ်စာပြောင်းသွားပါပြီ)
နားဦးမယ်ဗျာ အခြေအနေပေးရင် ထပ်ပြီး တွေးမိသမျှရေးပြချင်ပါသေးတယ်။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩